ဝေယံ ကလိသည်။
အချစ်ဝထ္တုတွေကို မုန်းရခြင်းအကြောင်း
အဲဒါအမှန်ပဲ။ ကျနော်ဟာ စာရေးစာဖတ်ပေမဲ့ အချစ်ဝထ္တုတွေကို မုန်းတယ်။
ကျနော်အဲဒါတွေကို မုန်းတာ သူတို့အရေးအသားတွေဟာ အရမ်းကို နူးညံ့ပြီး ပျော့စိပျော့နွဲ့ဖြစ်နေလို့မဟုတ်ဘူး။ ဒါပေမဲ့ တကယ်ကိုပဲ အရမ်းနူးညံ့ပြီး ပျော့ဖတ်ဖတ် နိုင်လွန်းတယ်။
ကျနော် သူတို့ကို မုန်းတာဟာ သူတို့က အရမ်း ဖော်မြူလာဆန်နေလို့ မဟုတ်ဘူး။ ဒါပေမဲ့ တကယ့်ကို ဖော်မြူလာဆန်လွန်းတယ်။ သူတို့က အရမ်း ပေါ်ပြူလာဖြစ်ပြီးတော့ အဖတ်အများဆုံး ၀ထ္ထုဖြစ်လို့လဲ မဟုတ်ဘူး။
ကျနော်ဒါတွေကို မုန်းရတာ ပိုကောင်းပြီး ပိုတိကျတဲ့ အကြောင်းပြချက်ရှိတယ်။
ဇာတ်လိုက်မင်းသမီးက အမြဲတမ်းကို ရင်ထွားထွားနဲ့ အရမ်းလှပ ဆွဲဆောင်မှုရှိတာကို မုန်းတယ်။
မင်းသားကလဲ အမြဲတမ်းကို ကြွက်သားအပြည့်နဲ့ ချောမောပြီး မိန်းကလေးတွေ တမ်းတမ်းစွဲ ဖြစ်တယ် ဆိုတာကို မုန်းတယ်။
ကျနော်မုန်းရတဲ့ နောက်အကြောင်းတခုက မင်းသားနဲ့ မင်းသမီး ကို အမြဲတမ်း ဆန်းကြယ်တဲ့ တန်ဆာဆင်ထားတဲ့ နည်းလမ်းနဲ့ ပေးတွေ့တယ်။ ပုံမှန်အတိုင်းကို မတွေ့ကြဘူး။
ဒါ့အပြင် မင်းသားနဲ့ မင်းသမီး တွေ့ကြပြီဆိုရင် ကိုးဆယ့်ကိုးရာခိုင်နှုန်းသော ဇာတ်လမ်းတွေမှာ မင်းသားက မင်းသမီးကို အကြောင်းတခုခုကြောင့် သဘောမကျဘူးဆိုတာကြီးဘဲ။ အများဆုံးကတော့ အထင်လွဲတာပေါ့။ ချောက်ငြင်ကပ်စရာ။
ပြီးတော့မှ မင်းသမီးက လှလွန်း ဆွဲဆောင်မှုရှိလွန်း ပြီးပြည့်စုံလွန်းလို့ သူ့ရင်ထဲ ကြိတ်ခိုက်နေရပါတယ် ဆိုပြီးဖြစ်မယ်။အံ့ရော။
ဒါပေမဲ့ ဒီအထိလဲ မင်းသားက မင်းသမီးကို သဘောမကျသေးဘူးဖြစ်နေမယ်။
တခြားတဘက်မှာလဲ မင်းသမီးဆိုရင် ကံဆိုးမိုးမှောင်ကျပြီး ရုတ်တရက်ဆင်းရဲသွားတာတို့၊ နဂိုတည်းက ဆင်းရဲတာတို့၊ ကွင်းထဲ လမ်းပျောက်နေတာတို့၊ ထွက်ပြေးသွားတဲ့ မြင်းကြောင့် ဒုက္ခ ရောက်နေတာတို့ ဖြစ်မယ်။မင်းသားက ကူညီပေးမယ်။ ဒါမှမဟုတ်ရင်လဲ မင်းသမီးမေ့လဲနေတုန်း မင်းသားရဲ့ ညီ၊ညီမ ဒါမှမဟုတ် အချစ်တော်ခွေးကလေးက တွေ့တာလဲ ဖြစ်ရင်ဖြစ်မယ်။
အော် - မင်းသမီး ရေနစ်နေတာကို ကယ်ရတာတို့ အိမ်ဖော်ဘ၀ မတရားခိုင်းခံရတာကို ကယ်ရတာတို့ ကျွန်အနေနဲ့ အရောင်းခံရမှာကို ကယ်ရတာတို့လဲ ဖြစ်နိုင်သေးတယ်။ ဒါပေမဲ့ မင်းသမီးက မင်းသားရဲ့ အကယ်ခံရတာ အပြင် မင်းသားရဲ့ ယောက်ျားပီသတဲ့ရင်အုပ်နဲ့ တောင့်တင်းတဲ့ မေးရိုးကို ခိုက်သွားတာ ဒါမှမဟုတ် မင်းသားရဲ့ စူးရှတဲ့ အကြည့်တွေကို ခိုက်သွားတာမျိုး၊ မင်းသားရဲ့ ကြွယ်ဝချမ်းသာမှုကို အထင်ကြီးတာမျိုးတွေလဲ ပါတယ်။
အဲဒါမျိုးတွေကြီးဘဲ။
ဟုတ်ပါ့၊ မင်းသား(သို့)မင်းသမီး ချမ်းသာဖို့ကလဲ အမြဲလို အချစ်ဝထ္တုတွေမှာ လိုအပ်ချက်တခုဖြစ်နေပါ့။
ကျနော် မုန်းတာတခုက မင်းသမီးတွေကို အမြဲလို ဆတ်ဆတ်ထိမခံ၊ မာနကြီး၊ သတ္တိရှိ၊ ဉာဏ်ကောင်း ဇာတ်ရုပ်မျိုးလုပ်ပေးထားတာပြီး မင်းသားကတော့ သည်းခံခွင့်လွတ် နားလည်ပေး၊ သဘောထားကြီး၊ အလိုလိုက်ပေးတဲ့ ပုံမျိုးချိုးထားတာပဲ။
ဒါ့ထက်ပို ချောက်ငြင်ကတ်တာက မင်းသားက ယောက်ျားကြီးတန်မဲ့ ဆတ်ဆတ်ထိမခံ ဖြစ်နေတဲ့ ဇာတ်ရုပ်လုပ်ထားတတ်တာပဲ။
နောက်ရှိသေးတယ်၊ မင်းသားက အရမ်းဆိုးပေတေနေတာ၊ အရမ်းကို လောဘကြီး၊ ဒါမှမဟုတ် သွေးအေးအေးနဲ့ မကောင်းတာ အကုန်လုပ်၊ အဲ့ ဒါတွေက ချောမောပြီး စိတ်ဓာတ်ကြံ့ခိုင်တဲ့ မင်းသမီးနဲ့ တွေ့မှ ပြောင်းလဲသွား။ ဟူး ပြောရရင် ကုန်နိုင်ဘွယ်။ မုန်းဘို့ကောင်းတာ။
နောက် မုန်းတာတခု ပြောပြဦးမယ်။ နာမည်တွေ။ တွေ့လိုက်မှဖြင့် နံမယ်အဆန်းတွေကြီးဘဲ။
ဇလပ်ပွင့်၊ မက်မုံပွင့်၊ ခရားပွင့်၊ ခရေပွင့်၊ နှင်းဆွတ်မေ၊ လရောင်ဆမ်း၊ နေချို၊ လေချို၊ သြချို၊ နေဗလ၊ နေတစင်း၊ နေ့သစ်၊ လမင်းသာ၊ ညနေခင်း၊ သန်းခေါင်၊ ဂင်္ဂါ၊ ယမုံနာ၊ ဧရာဝတီ၊ ချင်းတွင်း၊ ဘုန်းထင်လင်းတောက်၊ အလွန်တောက်၊ ဇမ္မူတလူ၊ သစ္စာမေတ္တာ။ ဘုရားဘုရား၊ နံမယ်တွေနဲ့တင် မူးလာတယ်။
ရိုးရိုးရှင်းရှင်းနာမည် မပေးတတ်ကြတော့ဘူးလားဗျာ။
မင်းသားနဲ့မင်းသမီး ဆုံတွေ့အောင် တမင်ဖန်တီးထားတဲ့ အဖြစ်ဆိုးတွေကိုလဲ မုန်းတယ်။ အားအားရှိ ကားမှောက်လိုက်၊ သင်္ဘောမှောက်လိုက်၊ ရေကြီးလိုက်၊ မုန်တိုင်းကျလိုက်၊ မီးလောင်လိုက်နဲ့။
မင်းသားနဲ့ မင်းသမီးဟာလဲ သူတို့ကြား အမြဲ တခုခုဖြစ်နေတာပဲ။ ဘယ်တော့မှ တယောက်နဲ့ တယောက်သဘောကျတယ်ဆိုတာမရှိဘူး။
သူတို့တွေ ရိုးရိုးလေး ပါတီမှာတွေ့၊ ဒါမှမဟုတ် အလှုမှာတွေ့ပြီး တယောက်နဲ့ တယောက် သဘောကျတယ်ဆိုတာမျိုးကို မရှိဘူး။
သဘောကျပြီးရင်ရောပြီးလား။ အမေက ကင်ဆာဖြစ်လိုက်၊ နှလုံးရောဂါဖြစ်လိုက်၊၊ အဖေတွေက ရန်သူဖြစ်လိုက်နဲ့။ ရိုးအီပြီး ပျင်းဖို့ကောင်း။
ဒီမကြိုက်တဲ့ စာရင်းတွေပြောနေတာတော့ ဒီလောက်ပဲ၊ ဒါပေမဲ့ ဒီအပေါ်မှာပြောထားတဲ့ ဗန်းပြထားတဲ့ထွင်လုံးတွေ ထက်ဆိုးတာကတော့ အမြဲတမ်း သူတို့က ပျော်စရာဇာတ်ပေါင်းထားကြတယ်။
ပျော်ရွင်စွာနဲ့ …… လက်ထပ်ပြီးတော့ မပြောင်းလဲတဲ့ အချစ်နဲ့တဲ့၊
ဘုရားရေ၊ ဒီအချစ်ဝထ္တုစာရေးဆရာတွေဟာ အလွမ်းဇာတ်သိမ်းများ မရေးတတ်ကြတော့ဘူးလား။
ရိုမီယို နဲ့ ဂျူးလိယက်အကြောင်းရော မကြားဘူးကြဘူးလားမသိဘူး။
တကယ်ပြောတာပါဗျာ။ ဘုရားစူး။ အချစ်ဝထ္တုတွေကို မုန်းလိုက်ထာ။

ခင်တဲ့
waiyanlin
[spoiler]အဲဒါကြောင့် ဝေယံက ရိုးရိုးရှင်းရှင်း အောစာအုပ်များသာ နှစ်သက်ကြောင်း

[/spoiler]